Tuesday, 23 October 2012

မန်ရှန်တွင် KIA နှင့်တိုက်ပွဲဖြစ် အစိုးရတပ် ၆ ဦးသေ ၂ ဦး ဒဏ်ရာရ

Post 23 October 2012 Last Updated on 23 October 2012 By KNG Hits: 826

ကချင်ပြည်နယ် မြစ်ကြီးနား-ဆတုံး-ကန်ပိုင်တီလမ်းရှိ လုဂျီ (Lu Ji) နှင့် လဖိုင် (La Hpai) ကြားရှိ မန်ရှန် (Mang Shang) ရွာအနီးတွင် အောက်တိုဘာ၂၁ ရက် တနင်္ဂနွေနေ့ ည ၈ နာရီချိန် မြန်မာအစိုးရ တပ်မ (၈၈) မှ အင်အား ၃၀ ကျော်ကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၅) အောက် တပ်ရင်း (၃)နှင့် ခြုံခိုတိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၆ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း သိရသည်။
“လဖိုင်ရွာကနေ အဖွဲ့လိုက် ဆင်းလာကြတာ ကျနော်တို့ ကွက်တိစောင့်ပြီး ပစ်လိုက်တာ” ဟု ရှေ့တန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
မြန်မာအစိုးရတပ်သားများသည် ၎င်းတပ်ရင်း (၃) နယ်မြေအတွင်း လမ်းမကြီးတလျှောက် တပ်ချ၍ လှုပ်ရှားနေကြသော တပ်ဖွဲ့ဖြစ်ကြောင်းသိရသည်။
တပ်မဟာ (၅) နယ်မြေ ဒေါ့ဖုန်းယန် (Dawhpumyang) ရှိ လုံဂျာကောင် (Lung Ja Kawng) တွင်လည်း မြန်မာအစိုးရတပ်ဖွဲ့ (ခမရ ၃၂၀) အင်အား ၃၀ ကျော်ကို တပ်မဟာ (၅) တပ်ရင်း (၂၄) မှ တနင်္ဂနွေညတွင်  ပြောက်ကျား စနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ကျဆုံးမှုရှိနိုင်သော်လည်း အတိအကျ မသိရှိရကြောင်းပြောသည်။
၎င်းအစိုးရတပ်သည် စစ်ဘေးရှောင်နေသောဒေသခံများ၏ ကျွဲ၊ နွား၊ ဝက် တိရိစ္ဆာန်များကို ပစ်ခတ်၊ လုယက်စားသုံးနေသော တပ်ဖွဲ့ဖြစ်ကြောင်း ဒေသခံများပြောသည်။
ဒေသခံများသည် KIO ဗဟိုဌာနချုပ် လိုင်ဇာဒုက္ခသည်စခန်းသို့ ခိုလုံနေသော်လည်း ရွာသားအချို့သည် စပါး ရိတ်သိမ်းချိန် တချို့ပြန်လာကြသည်။
KIA တပ်များသည် အစိုးရတပ်၏အင်အားဖြည့်၍ တိုက်ခိုက်မှုများကို ခုခံတိုက်ခိုက်နေပြီး အောက်တိုဘာ ၁၉ ရက် သောကြာနေ့ ည ၁၀ နာရီကျော်တွင် KIA တပ်မဟာ (၅) အောက် တပ်ရင်း (၃) နယ်မြေအတွင်းရှိ ကောင်ရာ (Kawng Ra) တပ်စခန်းတခုကို မြန်မာအစိုးရတပ် ခလရ (၅၈၊ ၅၇) စုပေါင်းတပ်သည် အင်အား ၁၀၀ ကျော်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ KIA စခန်းကိုနောက်ဆုတ်လိုက်ကြောင်း တပ်ဖွဲ့ဝင်တစ်ဦးပြောသည်။
“မိနစ်ပိုင်း ပစ်ခတ်ကြပြီးတော့ ကျနော်တို့နောက်ဆုတ်လိုက်တယ်။ ကျနော်တို့ဘာမှ မဖြစ်ဘူး။”
၎င်းတပ်စခန်းသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့များ ခဏတစ်ဖြုတ်လာ၍အခြေချထားသော တပ်စခန်းလည်းဖြစ်ပြီး မြန်မာအစိုးရတပ်သည် ၎င်းတပ်စခန်းကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
ယခုချိန် ၎င်းတပ်စခန်းတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ ပြန်လည်တပ်ချထားကြောင်း KIA အရာရှိတစ်ဦး ဆိုသည်။
KIA တပ်မဟာ (၅) အောက် တပ်ရင်း (၃) နယ်မြေ ဆတုံး-ကန်ပိုင်တီလမ်းတွင် မြန်မာအစိုးရတပ် တပ်ရင်း ၁၀ ရင်းကျော် အင်အား ၁၀၀၀ ကျော်ဖြင့် နေ့စဉ်လှုပ်ရှား၍ ထိုးစစ်ဆင်နေကြောင်းသိရသည်။

http://kachinnews.com/burmese/  မှပြန်လည်ကူးယူဖေါ်ပြသည်။

0 comments:

Post a Comment