Wednesday, 19 September 2012

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ထုတ်ပြန်ချက်အမှတ် (၆/၂၀၁၂) ကို ထုတ်ပြန်

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၂-၁၄ ရက်နေ့များတွင် ကျင်းပခဲ့သော အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့များ ဖိုရမ် (SEANF) ၏ နဝမအကြိမ် နှစ်ပတ်လည် အစည်းအဝေးက မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အား ယင်း၏အဖွဲ့ဝင်သစ်အဖြစ် လက်ခံရန် ဆုံးဖြတ်ခဲ့ပါသည်။ အင်ဒိုနီးရှား အမျိုးသားလူ့အခွင့်အရေး ကော်မရှင် (KOMNSHAM)၊ မလေးရှား လူ့အခွင့်အရေးကော်မရှင် (SUHAKAM)၊ ဖိလစ်ပိုင်လူ့အခွင့်အရေး ကော်မရှင် (CHRP) နှင့် ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRCT) တို့သည် (၂၀၀၄) ခုနှစ်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ အားလုံးက စိုးရိမ်ပူပန်သည့် လူ့အခွင့်အရေးနယ်ပယ်များတွင် အစီအစဉ်များ လှုပ်ရှားမှုများကို အားလုံးပူးတွဲ၍ဖြစ်စေ၊ နှစ်နိုင်ငံ ချင်းဖြစ်စေ ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြပြီး ၂၀၀၇ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ အာဆီယံ အမျိုးသားလူ့အခွင့်အရေးအဖွဲ့များ ဖိုရမ် ပူးပေါင်းဆောင်ရွက်ရေး ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ဤဒေသဆိုင်ရာအဖွဲ့ကို အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့များဖိုရမ် (SEANF) ဟူ၍ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁ မှ ၁၃ ရက်နေ့အထိ ကျင်းပခဲ့သော ဆဋ္ဌမအကြိမ် နှစ်ပတ်လည် အစည်းအဝေးက ပြန်လည်အမည်ပေးခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့များဖိုရမ် သတ္တမအကြိမ် နှစ်ပတ်လည်အစည်းအဝေးက တီမောလက်စ်တေနိုင်ငံသား အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့များဖိုရမ်၏ ပဉ္စမမြောက်အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပါသည်။ ဖိုရမ်၏ အဓိကရည်မှန်းချက်မှာ အရှေ့တောင်အာရှ ဒေသတွင်းရှိ လူတို့၏ လူ့အခွင့်အရေးကို မြှင့်တင် ကာကွယ် ဖြည့်ဆည်းရေးကို ဒေသဆိုင်ရာ ယန္တရား အနေဖြင့် ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ ဤရည်မှန်းချက် အောင်မြင်ရေး အတွက် ဆောင်ရွက်ရမည့် ဖိုရမ်၏ တာဝန်များတွင် အရှေ့တောင်အာရှနိုင်ငံများတွင် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ ဖွဲ့စည်းရေးနှင့် ဖွံ့ဖြိုးလာရေးကို ထောက်ခံအားပေးရန်၊ ဒေသတွင်းနှင့် ဒေသပြင်ပတွင် ဖြစ်ပေါ်သည့် ဆိုးဝါးသော လူ့အခွင့်အရေး ဖောက်ဖျက်မှုပြဿနာများနှင့် စပ်လျဉ်း၍ စုပေါင်းရပ်တည်ချက် ယူရေး အပါအဝင် ဖိုရမ်၏ ရည်မှန်းချက်များ အောင်မြင်ရေးကို အထောက်အကူပြုမည့် လှုပ်ရှားမှုများ ဆောင်ရွက်ရေးတို့ ပါဝင်ပါသည်။ ကော်မရှင်၏ လုပ်ပိုင်ခွင့်တွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေးကို ဆောင်ရွက်နေကြသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရန် တာဝန်တစ်ရပ် ပါဝင်ပါသည်။ အဆိုပါ တာဝန်ကို အကောင် အထည်ဖော်သည့် အနေဖြင့် ကော်မရှင်သည် ဖွဲ့စည်းသည့်အချိန်မှအစပြု၍ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့များ ဖိုရမ်နှင့် တက်ကြွစွာ ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး ဖိုရမ်၏ အဖွဲ့ဝင် အဖြစ် လျှောက်ထားခြင်း ပြုခဲ့ပါသည်။ ကော်မရှင်၏ အဖွဲ့ဝင်လျှောက်ထားခြင်းကို စဉ်းစားသည့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၂-၁၄ ရက်နေ့များတွင် ကျင်းပခဲ့သော ဖိုရမ်၏ နဝမအကြိမ် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အား ဖိုရမ်က ဖိတ်ကြားခဲ့ပါသည်။ ကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အဆိုပါ နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေး ပထမနေ့တွင် ဖိုရမ်အဖွဲ့ဝင် ၅ နိုင်ငံတို့က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ ဖိုရမ်အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားခဲ့ကြပြီး အထက်ဖော်ပြပါ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့များ ဖိုရမ်၏ အဖွဲ့ဝင်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှဒေသရှိ လူတို့၏ လူ့အခွင့်အရေးကို ပါရီမူများနှင့်အညီ ပူးတွဲ၍ဖြစ်စေ၊ နှစ်နိုင်ငံချင်းဖြစ်စေ ထိရောက်စွာ မြှင့်တင်ကာကွယ်သွားရန် ပိုင်းဖြတ်ထားပါသည်ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment