Friday, 31 August 2012

ဘိုးဘွားပိုင်မြေကို ဒေသအာဏာပိုင်များ သိမ်းယူပြီး ပြန်လည် ရောင်းချ

ရဲမွန် (ကောာင်းဝါ)
သြဂုတ်လ ၃၀ရက်နေ့၊ ၂၀၁၂ ခုနှစ်
ဘိုးဘွားစဉ်ဆက်ပိုင် မြေကို ဒေသအာဏာပိုင်များက သိမ်းယူကာ အိမ်မြေအဖြစ် အကွက်ရိုက် ရောင်းချနေခြင်းကြောင့် နိုင်ငံရေးပါတီ တခုကို ကူညီဆောင်ရွက်ပေးရန် တိုင်တန်းထားကြောင်း မြေပိုင်ရှင် က ပြောသည်။

တနင်္သာရီတိုင်း ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်မှ မြေဂရမ်ရှိ ဦးညာဏ်စိန်၏ ဥယျာဉ်ခြံမြေကို ယခင်လတွင် ရပ်ကွက် အုပ်ချူပ်ရေးမှူးက မြို့နယ်အုပ်ချူပ်ရေးမှူး၊ ကြေးတိုင်း မြေစာရင်း ဦးစီးဌာနတို့နှင့် ပူးပေါင်း သိမ်းယူပြီး အကွက်ရိုက် ရောင်းချရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြို့နယ် အုပ်ချုပ်ရေးမှူးထံ တိုင်ကြားထားသော်လည်း အကြောင်းမထူးသဖြင့် ကော့သောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ထံ သွားရောက် အကူအညီ တောင်းဆိုခြင်း ဖြစ်သည်ဟု အသက် ၇၀ ဝန်းကျင်ရှိ မြေပိုင်ရှင် ဦးညာဏ်စိန် က ပြောသည်။

“သူတို့ဟာ သူတို့ လုပ်တယ်။ ကျနော် မပေးရဘူး။ သူတို့ အိမ်တဆောင် လာဆောက်ထားတယ်။ ကျနော် ဓါတ်ပုံအားလုံး ရိုက်ထားတယ်။ ကျနော်လည်း ဥပဒေကို နားမလည်ဘူး။ ဒါ့ကြောင့် ဦးသန်းထွန်း (ဒီမိုကရက်တစ်ပါတီ မြန်မာ တနင်္သာရီတိုင်း စည်းရုံးရေးမှူး) ကို လာပြီး အကူအညီ တောင်းတာ” ဟု သူက ပြောသည်။

ဦးသန်းထွန်း ၏ အဆိုအရ ၎င်းမြေမှာ ဖဆပလ အစိုးရလက်ထက် ၁၉၅၈ ခုနှစ်ကပင် နိုင်ငံတော်သို့ မြေခွန်များ ပေးသွင်းနေသည့် ခြံမြေများ ဖြစ်ပြီး မြေအကျယ်အဝန်း ၈ ဒသမ ၅၂ ဧက ရှိကြောင်း သိရသည်။

“သူပိုင်တဲ့မြေ အထောက်အထား စာရွက်စာတမ်းကို ကြည့်တော့ တော်တော်လေးကို ခိုင်မာနေတယ်။ ၂၆ ရက်နေ့ ၆ လပိုင်း ၁၉၅၈ ခုနှစ်က လျောက်ထားတယ်။ ၂ ရက်နေ့ ၇ လပိုင်း ၁၉၅၈ ခုနှစ်မှာ ဦးပိုင်မြေအဖြစ် ထုတ်ပေးထားတယ်။ အဲဒီတုန်းက ကော့သောင်းဟာ ကျေးရွာအဆင့်ပဲ ရှိသေးတယ်” ဟု ဦးသန်းထွန်း က ပြောသည်။

၂၀၀၇ ခုနှစ်တွင် ဒက်တမန် ကုမ္ပဏီက ကော့သောင်းမြို့ပြလမ်း နိုင်လွန်ကတ္တရာ ခင်းရာတွင် အလုပ်သမားတန်းလျား ဆောက်ရန်နှင့် စက်ယန္တရားများ ထားရှိရန်အတွက် ယခင်စစ်အစိုးရ အာဏာပိုင်များ၏ လာရောက် အကူအညီတောင်းခြင်းကြောင့် ၎င်းပိုင်မြေများအနက် ၂ ဧကခန့်ကို ပေးခဲ့ရသည်။

၎င်းပြင် ယခင် အုပ်ချူပ်ရေး အာဏာပိုင်များ၏ မြို့တိုးချဲ့ရန် ဟူသည့် အကြောင်းပြချက်ဖြင့် ၎င်းပိုင်မြေ ၃ ဧကကျော်ကိုလည်း ထပ်မံသိမ်းယူခဲ့သည်။

“ဦးညာဏ်စိန်မှာ ၂ ဧကကျော်ကျော်လောက်ပဲ ကျန်တော့တယ်။ ဒါတွေ ထပ်သိမ်းလိုက်ရင် သူတော်တော် ဒုက္ခရောက်သွားမယ်” ဟု ဦးသန်းထွန်း က ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ကော့သောင်း စစ်ဗျူဟာ၊ ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့ထံသို့ စာတင်အကြောင်းကြားသွားမည် ဖြစ်ကြောင်း ဦးသန်းထွန်း က ပြောသည်။

0 comments:

Post a Comment